OLED Upgrade နှင့်အတူ ပိုမိုပါးလွှာလာနိုင်သည့် Apple iPad Pro

2024-02-29 19:00:00 · ပန်းသီးတစ်ခြမ်းပဲ့၏ iOS

Apple အနေနဲ့ iPad Pro များကို အဆင့်မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီလို့ သတင်းများ ထွက်ပေါ်နေပြီး အထင်ရှားဆုံး ပြောင်းလဲလာနိုင်မှုကတော့ OLED Displays များကို မိတ်ဆက်အသုံးပြုလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဒီလို ပြောင်းလဲလိုက်ခြင်းကြောင့် Apple iPad Pro များဟာ ယခင်ကထက် အနည်းငယ်ပိုပါးလာစေနိုင်ကြောင်း အစီရင်ခံစာအသစ်တစ်ခုက ညွှန်းဆိုထားပါတယ်။


အသေးစိတ်အချက်အလက်များ ပေါက်ကြားမှုအရ ပြန်လည်ဒီဇိုင်းထုတ်ထားသည့် OLED iPad Pro ဟာ လက်ရှိမော်ဒယ်များထက် ၁ မီလီမီတာ ပိုမိုပါးလွှာမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိ ရှိပြီးသား ၁၂.၉ လက်မ iPad Pro မှာ အထူ ၆.၄ မီလီမီတာရှိပြီး ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ ဗားရှင်းဟာ ၅ မီလီမီတာအထိ ပါးလွှာနိုင်ကြောင်း သိရပါတယ်။


၁၁ လက်မ OLED iPad Pro ရဲ့ လက်ရှိဗားရှင်းဟာ ၅.၉ မီလီမီတာ ရှိပြီး ဗားရှင်းအသစ်ကတော့ ၅.၁ မီလီမီတာ ရှိလာမှာဖြစ်တာကြောင့် ပိုမိုပါးလွှာလာမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ Tablets နှစ်မျိုးလုံး ရဲ့ ဗားရှင်းအသစ်ဟာ လက်ရှိ အမျိုးအစားများထက် အနည်းငယ်ပိုရှည်ပြီး မျက်နှာပြင် ပိုကျယ်နိုင်ကြောင်း သိရပါတယ်။


ဒါ့အပြင် Apple အနေနဲ့ iPad Air အမျိုးအစား နှစ်ခုကိုလည်း ပထမဆုံးအကြိမ် မိတ်ဆက်မယ်ဆိုတဲ့ သတင်းများလည်း ထွက်ရှိနေပြီး အဲဒီထဲက တစ်ခုဟာ လက်ရှိဗားရှင်းနဲ့ ဆင်တူမှာဖြစ်ကာ နောက်တစ်ခုကတော့ အရွယ်အစားနဲ့ မျက်နှာပြင်အကျယ် တူညီတဲ့ လက်ရှိ ၁၂.၉ လက်မ iPad Pro နဲ့ တူညီနိုင်ကြောင်း သိရပါတယ်။


Apple ရဲ့ အသစ်ထွက်ရှိလာမယ့် Tablets အတွက် ခန့်မှန်းခြေ အတိုင်းအတာများကို ဖော်ပြပေးလိုက်ပါတယ်။

• ၁၁ လက်မ iPad Pro (လက်ရှိ): ၂၄၇.၆ မီလီမီတာ x ၁၇၈.၅ မီလီမီတာ x ၅.၉ မီလီမီတာ

• ၁၁ လက်မ iPad Pro (အသစ်): ၂၄၉.၇ မီလီမီတာ x ၁၇၇.၅ မီလီမီတာ x ၅.၁ မီလီမီတာ

• ၁၂.၉ လက်မ iPad Pro (လက်ရှိ): ၂၈၀.၆ မီလီမီတာ x ၂၁၄.၉ မီလီမီတာ x ၆.၄ မီလီမီတာ

• ၁၂.၉ လက်မ iPad Pro (အသစ်): ၂၈၁.၅ မီလီမီတာ x ၂၁၅.၅ မီလီမီတာ x ၅.၀ မီလီမီတာ

• ၁၂.၉ လက်မ iPad Air (အသစ်): ၂၈၀.၆ မီလီမီတာ x ၂၁၄.၉ မီလီမီတာ x ၆.၀ မီလီမီတာ

Apple အနေနဲ့ OLED Display အဆင့်မြှင့်တင်ခြင်းအပြင် MagSafe နည်းပညာကိုလည်း iPad Pro စီးရီးတွင် ပထမဆုံးအကြိမ် ထည့်သွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ အဆင့်မြှင့်တင်လာမယ့် Tablats များဟာ 3nm နည်းပညာဖြင့် တည်ဆောက်ထားတဲ့ Apple ရဲ့  M3 chip အသစ်ကို ထည့်သွင်း အသုံးပြုလာနိုင်ပြီး စွမ်းဆောင်ရည်နှင့် ဘတ္ထရီ ခံနိုင်ရည်များ ပိုမိုကောင်းမွန် လာစေနိုင်ကြောင်း သိရပါတယ်။

အဆိုပါ မော်ဒယ်သစ်များကို မည်သည့်အချိန်တွင် စတင်ရောင်းချမလဲ ဆိုတာကို အတိအကျ မသိရသေးပေမယ့်လည်း အချို့သော သတင်းများအရ OLED iPad Pro ဟာ လာမယ့် မတ်လ အစောပိုင်းတွင် ပွဲဦးထွက် မိတ်ဆက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

No comments available at the moment

  • Report
  • Please Login before posting a comment
    • 0

    • 0

    • 0

    ပန်းသီးတစ်ခြမ်းပဲ့၏ iOS
    Verified Account
    HOT LIST
    More HOT LIST>
    Marketing Support by YouFind Singapore